ရန်ကုန်လိုင်းကားအချို့ သက်တမ်းနှစ်(၂၀)နီးပါးရှိလာပြီး အသစ်လဲရန် အစိုးရပံ့ပိုးမှု လိုအပ်
ပုံစာ - ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် YBS ကားများကို တွေ့ရစဥ်
စော (NSS) - ဩဂုတ် ၁၅
ရန်ကုန်မြို့တွင်းပြေးဆွဲနေသော လိုင်းကားအချို့၏သက်တမ်းမှာ အနှစ်(၂၀) နီးပါးကြာမြင့်လာပြီဖြစ်၍ အသစ်လဲရန် အစိုးရ၏ပံ့ပိုးမှုလိုအပ်ကြောင်း သယ်ယူပို့ဆောင်ရေးလုပ်ငန်းရှင်တစ်ဦးက NSS မှတစ်ဆင့် ပြောကြားသည်။
ရန်ကုန်မြို့တွင်း ပြေးဆွဲနေသော လိုင်းကားအစီး ရေ (၃၀ဝဝ)ဝန်းကျင်သည် Used (အသုံးပြု)ကား များဖြစ် သောကြောင့် ထုတ်လုပ်ထားသည့်ခုနှစ်နှင့် တွက်ဆပါက အနှစ်နှစ်ဆယ်နီးပါးကြာမြင့်လာပြီဖြစ်၍ ဟောင်းနွမ်းလာကာ ကားများကိုလဲလှယ်ရန် အချိန်ကျနေပြီဖြစ်ကြောင်း ၎င်းကဆိုသည်။
‘‘လက်ရှိ policy က EV ကိုပဲ အားပေးနေတဲ့ အခါကျတော့ EV Bus ကိုပဲ သွင်းလို့ရမှာပေါ့။ ငွေကြေးရင်း နှီးမြှုပ်နှံမှုကိစ္စပါလာမယ်။ လက်ရှိသည် EV Bus တစ်ခုတစ်စီးကို ဒေါ်လာတစ်သိန်းနဲ့အထက်ရှိတယ်။ အဲဒီတော့ ကျပ် ငွေနဲ့တွက်ရင် ဘတ်စ ကားတစ်စီးရဲ့တန်ဖိုးက သိန်း (၄၀ဝဝ)၊ (၅၀ဝဝ) လောက်ဖြစ်သွားမယ်။ အဲဒါဆို တန်ဖိုးတအားကြီး သွားတယ်ဆိုရင် သူရဲ့အရင်းကျေကာလက တအားကြာမယ်။ (၁၀)နှစ်နဲ့တောင် သူက အရင်းမကျေနိုင် ဘူး။ ရင်းနှီးမြှုပ်နှံမှုတန်ဖိုးကြီးတဲ့အခါကျတော့ ဒါတွေ တင်သွင်းဖို့ နည်းနည်းခက်မယ်။ သို့သော် တခြားတိုင်း ပြည်တွေလို အစိုးရက ပံ့ပိုးပေးမယ်။ ဥပမာ အတိုးမဲ့ ချေးငွေတွေ ထုတ်ပေးမယ်။ အဲဒါမျိုး မူဝါဒပိုင်းကနေ၊ ငွေရေးကြေးရေးပိုင်းကနေ အစိုးရကူညီမယ်ဆိုရင်တော့ ဖြစ်နိုင်မယ်’’ဟု ၎င်းကပြောသည်။
ယာဉ်လိုင်းကုမ္ပဏီအများစုသည် ကားဟောင်းများကိုလဲလှယ်ရန်အစီအစဉ်ရှိသော်လည်း အစိုးရ၏ ငွေကြေး ထောက်ပံ့မှုလိုအပ်နေ၍ အဆိုပါထောက်ပံ့ မှုရရှိပါက ကားအသစ်များကို မြန်မြန်လဲလှယ်နိုင်မည်ဖြစ်ကြောင်း သိရ သည်။
‘အစိုးရအကူအညီမပါဘဲနဲ့ ပုဂ္ဂလိကအနေနဲ့ပဲ ရင်းနှီးမြှုပ်နှံရမယ်ဆိုရင် သူက (၁၀)နှစ်လောက်မှ အရင်းကျေမယ့်လုပ်ငန်းတစ်ခုဆိုတော့ ပုဂ္ဂလိက အနေနဲ့ ရင်းနှီးမြှုပ်နှံမှုခက်တယ်။ ပုဂ္ဂလိကဘဏ် တွေကလည်း အဲဒီပုံစံမျိုးဆို ချေးမှာမဟုတ်ဘူး။ အဲဒီအတွက်ကြောင့်မို့လို့ အစိုးရဘဏ်သို့မဟုတ် အစိုးရဘက်ကနေ အတိုးမဲ့ချေးငွေ တွေ ပေးမယ်ဆိုရင်တော့ ကားတွေလဲလို့ရနိုင်တယ်။ နောက်ပြီး ပြေးဆွဲခွင့်လိုင်စင်ပေါ့။ ရန်ကုန်ကို ကားတွေကသွင်းလို့ ရတယ်။ ငွေကြေးရင်းနှီးမြှုပ်နှံမှုတတ်နိုင်ရင် သွင်းလို့ရတယ်။ စောစောပြေးဆွဲခွင့်လိုင်စင်ကျတော့ ပို့ဆောင်ဆက်သွယ် ရေးဝန် ကြီးဌာနက ချပေးတာပေါ့။ အဲဒါ တွေလည်းခွင့်ပြုပေးရမယ်။ အဲဒီအကြောင်း တရား (၃)ခုညီညွတ်ရင်တော့ ကားဟောင်း တွေကို အသစ်နဲ့ လဲလို့ရတယ်’ဟု ၎င်းက ဆက်လက်ပြောသည်။
လက်ရှိတွင် ဈေးကွက်၌ ယာဉ်ပိုင်းဆိုင်ရာ အပိုပစ္စည်းများပြတ်လပ်နေကာ ဝယ်ယူရန် အခက်အခဲ များရှိနေပြီး အပိုပစ္စည်းများဝယ်ယူရာတွင် မရသောကြောင့် ရပ်ထားရသည့်ကားများလည်းရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာ့သမိုင်းအယူအဆများကို ကျောင်းသုံးစာအုပ်များတွင် ပြန်လည်ထည့်သွင်းကာ အသစ်ပြင်ဆင်နေ
RELATED POSTS
31 Aug 2024 | ခရီးသွား,ပြည်တွင်း
31 Aug 2024 | ခရီးသွား,ပြည်တွင်း
19 Aug 2024 | ခရီးသွား,နိုင်ငံတကာ