အဝေးပြေးအတွက် EV ဘတ်စကားအသစ်များ ထပ်မံတင်သွင်းခွင့်ပြု

ပြည့်ဖြိုး (NSS) - ဩဂုတ် ၁၅
မြန်မာပြည်တွင် EV ဘတ်စကားခရီးစဉ် စတင်စမ်းသပ်ပြေးဆွဲနေပြီး မကြာမှီ နောက်ထပ်ကား သစ်များ တင်သွင်းပြေးဆွဲရန် ကုမ္ပဏီအချို့က စက်မှုဝန်ကြီးဌာနကို တင်ပြထားကြောင်း သိရသည်။
လျှပ်စစ်သုံး ခရီးသည်တင် မော်တော်ယာဉ် (EV Bus)များပြေးဆွဲခြင်းလုပ်ငန်းဆောင်ရွက်မည့် ပြည်တွင်းကုမ္ပဏီများမှာ Mandalar Min Express Trading and Transportation Co.,Ltd နှင့် Yar Zar Min Industry Co.,Ltd တို့ဖြစ်ပြီး EV Charging station တည်ဆောက်ရေးအတွက် Yangon Aerodrome Co., Ltd နှင့် Pioneer Aerodrome Co.,Ltd များက တာဝန်ယူဆောင်ရွက်လျက်ရှိနေသည်။
“လက်ရှိ နေပြည်တော်-ရန်ကုန် ခရီးစဉ် ပြေးဆွဲနေပြီးတော့ လူတစ်ဦးကိုနှစ်သောင်းခွဲနဲ့ ပြေး ဆွဲနေတာပါ။ နောက်ပိုင်းအားသွင်းရုံတွေ တည်ဆောက်ပြီးရင် ရန်ကုန်-မန္တလေး ခရီးစဉ်တွေပါပြေး ဆွဲဖို့ရည်ရွယ်ထားပါတယ်”ဟု မန္တလာမင်းယာဉ်လိုင်းမှ တာဝန်ခံတစ်ဦးကပြောသည်။
EV Express ကားများသည် အပူချိန်မြင့်တက်မှု၊ လေထုညစ်ညမ်းမှုနှင့် လောင်စာဆီသုံးစွဲမှုများကို လျှော့ချပေးပြီး သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းနိုင်သည့်အတွက် ဆူညံသံကင်းပြီး ခရီးသည်များ ဇိမ်ကျကျ ခရီးသွားနိုင် စေရန် ပြေးဆွဲနိုင်အောင်စီစဉ်ထားကြောင်းသိရသည်။
“လျှပ်စစ် ဘတ်စကားတွေကို တင်သွင်းခွင့်ပြုထားတယ်။ ခွင့်ပြုထားတဲ့ကုမ္ပဏီတွေက အခု တင်သွင်းနေကြ တယ်။ မန္တလာမင်းဆိုစပြီး ပြေးဆွဲနေပြီ။ တင်သွင်းခွင့်အတွက်လည်း အခွန်ကင်းလွတ် ခွင့်ပေးထားသလို ဆောက်လုပ် ရေးဝန်ကြီး ဌာနက တာဝန်ယူဆောက်လုပ်ထားတဲ့ လမ်းတံတားဖြတ်သန်း ခွင့်ကိုလည်း ကင်းလွတ်ခွင့်ပေးထားတယ်’’ဟု စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ကနဦးစီမံကိန်းကာလအတွင်း Charging Station များကို နေပြည်တော်တွင် လေးနေရာ၊ ရန်ကုန်မြို့တွင် ငါးနေရာ၊ မန္တလေးမြို့တွင် ငါးနေရာနှင့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ငါးနေရာ၊ စုစု ပေါင်း ၁၉ နေရာကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီးဖြစ်သည်။ လက်ရှိတွင် လျှပ်စစ်သုံး ယာဉ် များကို ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁ ရက်မှစ၍ လမ်းအသုံးပြုခ ကင်းလွတ်ခွင့်ပြုပေးထားပြီး အဓိကလမ်း ကွန်ရက်များဖြစ်သည့် ရန်ကုန်-မန္တလေးအမြန်လမ်း မကြီး၊ ရန်ကုန်-တောင်ငူ-မိတ္ထီလာ-မန္တလေး ပြည် ထောင်စုလမ်းမကြီး၊ ရန်ကုန်-ပြည်လမ်း၊ ရန်ကုန်-ပုသိမ်လမ်းတို့တွင် ပြေးဆွဲနိုင်ရေး ဆောင်ရွက်နေကြောင်းလည်း သိရသည်။
Comments :
0 comments

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
“ ရခိုင်စကားပြောလည်း မှတ်ပုံတင်မှာ ဗမာဆိုရင် ဗမာတစ်ကောင်ပါတယ်ဆိုပြီး ...” “AA” လက်အောက်မှာ ‘ပလက်ဝ’ ဘာဖြစ်နေသလဲ (အင်တာဗျူး)
RELATED POSTS
22 Nov 2024 | ခရီးသွား,ပြည်တွင်း
20 Nov 2024 | ခရီးသွား,နိုင်ငံတကာ
14 Nov 2024 | ခရီးသွား,ပြည်တွင်း
12 Nov 2024 | ခရီးသွား,ပြည်တွင်း