မြန်မာနိုင်ငံသားများအတွက် ဖွင့်လှစ်ပေးထားသော CI စာအုပ်ထုတ်ပေးရေးစင်တာများကို ထိုင်းအစိုးရကပိတ်မည်ဟုဆိုခြင်းအပေါ် မြန်မာလုပ်သားများ စောင့်ကြည့်နေ

စော (NSS) - ဇွန် ၁၃
မြန်မာနိုင်ငံသားများအတွက် ဖွင့်လှစ်ပေးထားသော မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (CI) စာအုပ်ထုတ်ပေးရေးစင်တာများကို ထိုင်းအစိုးရကပိတ်မည်ဟုဆိုခြင်းအပေါ် မြန်မာလုပ်သားများ စောင့်ကြည့်နေပြီး မြန်မာလုပ်သားသိန်းချီအခက်အခဲတွေ့စေနိုင်ကြောင်း ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားအရေးဆောင်ရွက်သူတစ်ဦးက NSS ကို သုံးသပ်ပြောကြားသည်။
ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်လျက်ရှိသည့် အထောက်အထားမဲ့မြန်မာလုပ်သားများအတွက် မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ်(CI)ကို ထိုင်းနိုင်ငံရှိ ပထုန်ဌာနီ၊ စမုပရာကန်၊ စမုစခွန်၊ ချွန်ဘူရီ၊ ဆူရတ်ဌာနီနှင့် Mobile Unit (၃)ခုကို ချင်းမိုင်၊ နခွန်စဝမ်၊ ဆုန်ခလာ တို့တွင် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ရက်မှ အောက်တိုဘာလကုန်အထိ ဖွင့်လှစ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနက ပြီးခဲ့သည့် ဖေဖော်ဝါရီလပိုင်းတွင် ထုတ်ပြန်ထားသည်။ သို့သော် ဇွန်လ ၇ရက်က ပြုလုပ်သည့် အစည်းအဝေးဆုံးဖြတ် ချက်အရ ထိုင်းနိုင်ငံရှိ ခရိုင်(၈)ခုတွင် ဖွင့်လှစ်ပေးထားသော CI စာအုပ်ထုတ်ပေးရေးစင်တာများကို ပိတ်သိမ်းမည်ဖြစ်ပြီး စာအုပ်မထုတ်ရသေးသူများအနေဖြင့် ဇွန်လ ၁၆ ရက်မှစကာ ဘန်ကောက်မြို့ရှိ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးတွင် ဆက်လက်ပြုလုပ်ထုတ်ယူနိုင်ကြောင်း ထိုင်းအစိုးရက ကြေညာချက်ထုတ်ပြန်ထားသည်ဟု ၎င်းကဆိုသည်။
“CI စခန်းတွေ ပိတ်မယ်လို့တော့ သူတို့ကစာတော့ ထုတ်တာပေါ့။ ဒါပေမဲ့ ဘယ်လိုလဲတော့မသိသေးဘူး။ မြန်မာဘက်ခြမ်းကတော့ ဘာမှကြေညာစာမထွက်သေးဘူးဆိုတော့လေ။ အခု CI လုပ်ဖို့က သူတို့ရဲ့ခန့်မှန်းသလောက်ကတော့ လူတွေတော်တော်များများလည်းကျန်တယ်။ အခုလူတွေကလည်း မလာဘူး။ စပြောရမယ်ဆိုရင် ကနဦးကတော့ သူတို့နှစ်နိုင်ငံ သဘော တူထားတာ ၁၀ လပိုင်းအထိ သဘောတူထားပြီးတော့မှ ကြေညာစာ ဒီနေ့အဲဒါမျိုးထွက်လာတယ်ပေါ့နော်။ ဒီလ ၁၅ ရက်ကနေစပြီးတော့ CI စခန်းတွေ အားလုံးကို ပိတ်သိမ်းပြီးတော့ မြန်မာသံရုံးအနားမှာပဲ ရွှေ့ပြောင်းပြီးတော့ ဖွင့်လှစ်ဖို့အတွက်ဆိုပြီးတော့ ကြေညာစာထုတ်လာတာပေ့ါ”ဟု ၎င်းက ပြောသည်။
ထိုသို့ပြောင်းရွှေ့လိုက်ခြင်းကြောင့် အခက်အခဲအများအပြားဖြစ်ပေါ်လာနိုင်ပြီး နေရာ အခက် အခဲအပြင် သွားရေးလာရေးအခက်အခဲများလည်း ရှိလာနိုင်ကြောင်း ၎င်းက သုံးသပ်ပြောကြားသည်။ အကြောင်းအမျိုးမျိုးကြောင့် မြန်မာလုပ်သားအချို့မှာ ငွေကြေးခက်ခဲသည့် အတွက် CI လျှောက်ထားရန် ငွေကြေးစုဆောင်းနေသောကြောင့် လတ်တလောမလျှောက် ထားနိုင်သေးသူများလည်းရှိနေကြောင်း သိရသည်။ “ကျွန်တော်တို့တွေ့သလောက်ကတော့ လူပေါင်း (၃)သိန်းနီးပါးတော့ ကျန်သေးတယ်လို့ ပြောနေတယ်။ အဲဒါဆက်မထုတ်ရဘူးဆိုရင်တော့ သူတို့ထိုင်းမှာလက်ရှိနေထိုင်အလုပ်လုပ်ကိုင်ခွင့်ပေါ့နော်။ တရားဝင် နေထိုင်အလုပ်လုပ်ကိုင်ခွင့်တွေ ဆုံးရှုံးမှာပေါ့။ လုံးဝကို သေချာတာပေ့ါ။ ဒါပေမဲ့ ပိတ်မယ်ဆိုတာကလည်း ဘယ်လိုပုံစံနဲ့ပိတ်ပြီးတော့ ဘယ်လိုတွေဆက်လုပ်ပေးမှာလဲ ဆိုတာကလည်း ဒီမြန်မာဘက်ခြမ်းက ထုတ်မယ့်အတည်ပြုချက်တွေပေါ့။ ဘယ်လိုမျိုးတွေ ဆက်လက်ဆောင်ရွက်မလဲ အဲဒီအပေါ်မှတော့ ကြည့်ရမှာပေ့ါ”ဟု ၎င်းကပြောသည်။
Comments :
0 comments

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အိန္ဒိယရဲ့ ညွန့်ပေါင်းအစိုးရအသစ်က စစ်သားစုဆောင်းမှု မူဝါဒကို ပြန်လည်သုံးသပ်နိုင်ဖွယ်ရှိနေ
RELATED POSTS
19 Mar 2025 | အထွေထွေ,ပြည်တွင်း
19 Mar 2025 | အထွေထွေ,နိုင်ငံတကာ
19 Mar 2025 | အထွေထွေ,ပြည်တွင်း