မိုးတွင်းကာလ၌ ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ ပရဟိတအသင်းများတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ကြိုတင်ပြင်ဆင်ထား

သန့်ဇင် (NSS) - ဇွန် ၁၃
မိုးတွင်းကာလ၌ ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ ပရဟိတအသင်းများတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ကြိုတင်ပြင်ဆင်ထားကြကြောင်း လူမှုကယ်ဆယ်ရေးအသင်းအချို့ထံ NSS က မြေးမြန်းထားချက်အရ သိရသည်။
မြန်မာနိုင်ငံတွင် နှစ်စဉ် မိုးလယ်နှင့် မိုးနှောင်းပိုင်းကာလများ၌ ရေကြီးရေလျှံမှုများဖြစ်ပေါ်နေသည့်အတွက် ဒေသခံပရဟိတအသင်းများက ကူညီကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဆောင်ရန် အထက်ပါကဲ့သို့ ကြိုတင်ပြင်ဆင်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့အသင်းက ဆယ်စုနှစ်တစ်ခုနီးပါးကြာရပ်တည်လာခဲ့တဲ့ လူမှုကူညီကယ်ဆယ်ရေးအသင်းပါ။ အဲဒီတော့ သဘာဝဘေးတင်မဟုတ်ပါဘူး။ နွေရာသီမှာဆိုလည်း မီးလောင်မှုဖြစ်တဲ့နေရာဒေသတွေကို အသင်းရေသယ်ယာဉ်နဲ့ မီးငြှိမ်းသတ်ဖို့ မီသတ်ကိုကူညီတာ၊ မိုးတွင်းဆိုရင်လည်း ရေဘေး၊ မြေပြိုဘေးစတဲ့အရာတွေဖြစ်ပွားခဲ့ရင် သက်ဆိုင်ရာ ဌာနဆိုင်ရာအဖွဲ့အစည်းတွေ၊ အခြားအသင်းအဖွဲ့တွေနဲ့ ပေါင်းစပ်ပြီးတော့ ကူညီကယ်ဆယ်ရေးပစ္စည်းတွေပြင်ဆင်ထားတာရှိပါတယ်။ ဒါတွေကပုံမှန်လုပ်နေကြအတိုင်းပါပဲ။ အခုမိုးတွင်း မှာတော့ စက်စမ်းတာတွေ လိုအပ်တဲ့စမ်းသပ်မှုတွေပြုလုပ်တာတွေ၊ အသစ်စုဖွဲ့ပြင်ဆင်တာတွေလုပ်ပါတယ်”ဟု ရန်ကုန်တိုင်းဒေသကြီးအခြေစိုက် ရွှေရောင်သမိုင်း အရေးပေါ်ကူညီကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ထို့ပြင်ဒေသခံပရဟိတ လူမှုကူညီရေးအသင်းများအနေဖြင့် ရေကြီးရေလျှံမှုများနှင့် အခြားသော သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာပါက အခြားမည်သည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များကိုမဆိုသွားရောက်ကူညီနိုင်ရန် ကြိုတင်ပြင်ဆင်မှုများပြုလုပ်နေပြီ ဖြစ်ကြောင်းလည်း အထက်ပါတာဝန်ရှိသူက ပြောသည်။ အလားတူ စစ်ကိုင်းဒေသကြီး၊ မုံရွာမြို့နယ်တွင်လည်း မိုးတွင်းကာလ၌ ချင်းတွင်းမြစ်ရေမြင့်တက်မှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ် နိုင်သည့်အတွက် ကူညီကယ်ဆယ်ရေးပစ္စည်းများ ကြိုတင်ပြင်ဆင်ထားပြီးဖြစ်ကြောင်း ဒေသခံလူမှုကယ်ဆယ်ရေးအသင်းက ပြောသည်။
“ဒီမှာကတော့ ဒေသတွင်းကူညီရေးအသင်းအဖွဲ့တွေရယ် မီးသတ်တပ်ဖွဲ့နဲ့ပူးပေါင်းပြီး ကြိုတင်ပြင်ဆင်ထားတာမျိုးတွေရှိပါတယ်။ လောလောဆယ်ဆယ်တော့ မြစ်ရေအခြေအနေက စောင့်ကြည့်နေဆဲပေါ့နော်။ စောင့်ကြည့်ပြီးတော့မှ အရင်နှစ်တွေကထက်မဆိုးဘူး၊ ဆိုးမယ်ဆိုတာ ရေအခြေအနေပေါ်မူတည်ပြီး လိုအပ်တာမျိုးကို ထပ်တိုးပြင်ဆင်ရမှာပေါ့။ မြစ်ရေကြီးရင်တော့ မြို့ဘက်ခြမ်းနဲ့ ကျေးရွာတွေကို စားနပ်ရိက္ခာနဲ့ ရှာဖွေကယ်ဆယ်ရေးအပိုင်းကို နှစ်စဉ်လုပ်လေ့ရှိပါတယ်။ အရင်နှစ်တုန်းကဆို မုံရွာမြို့ပေါ်မှာတင် အိမ်ခြေရာကျော် လောက်ပြောင်းရွှေ့တာကို ကူညီပေးခဲ့တာရှိတယ်။ အခြားသဘာဝဘေးနဲ့ပတ်သက်ပြီး သစ်ပင်လဲတာမျိုးတို့ဘာတို့ဆိုရင်လည်း ချိန်းဆွဲတို့ အခြားရှာဖွေကယ်ဆယ်ရေးနဲ့ပတ်သက်တဲ့ပစ္စည်းတို့ စုဆောင်းထားတာတွေလည်းရှိပါတယ်”ဟု စစ်ကိုင်းတိုင်းဒေသကြီးအခြေစိုက်ပေးဆပ်သူလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အလားတူ မော်လမြိုင်မြို့နယ်တွင်လည်း မိုးတွင်းကာလ၌ နှစ်စဉ်မိုးရေချိန်(၁၀)လက်မထက်ကျော်လွန်လာပါက သံလွင်မြစ်ရေမြင့်တက်ကာ ရေကြီးရေလျှံမှုဖြစ်နိုင်သောကြောင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ရန် ဒေသခံလူမှုကယ်ဆယ်ရေးအသင်းများက သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့်ပူးပေါင်းလေ့ကျင့်မှုများ ပြုလုပ်ထားပြီးဖြစ်ကြောင်း သိရသည်။ “ကျွန်တော်တို့ ဒီမှာရှိတဲ့အသင်းတွေက ဇွန်လ ၇ ရက်နေ့ကတော့ မုန်တိုင်းဘေး၊ ရေ ဘေးနဲ့ပတ်သက်ပြီး ကူညီကယ်ဆယ်ရေးတွေလုပ်ဖို့ သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ကြိုတင်လေ့ကျင်မှုတွေလုပ်ထားတာရှိတယ်။ အသင်းရဲ့လိုအပ်တဲ့ပစ္စည်းတွေကို ဖြည့်တင်းဖို့ကတော့ လက်ရှိဘဏ္ဍာရေးအနေအထားအရ ရှိတာလေးကိုပဲ ပြုပြင်သုံးနေရတာမျိုးတွေရှိပါတယ်”ဟု မွန်ပြည်နယ်မော်လမြိုင်မြို့အခြေစိုက် ဘိုဘိုဝင်းအရေးပေါ်ကူညီကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ထို့ကြောင့် မြန်မာနိုင်ငံတွင် မိုးတွင်းကာလ၌ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ ပြည်သူများအနေဖြင့် သတိရှိစွာနေထိုင်ကြရန်၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှထုတ်ပြန်ကြေညာထားသော မိုးလေဝသသတင်းများကို သိရှိထားရန်နှင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်လာပါက လူမှုကူညီကယ်ဆယ်ရေးအသင်းများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများကို အကူအညီတောင်းရန် အထက်ပါအသင်းများက အကြံပြုပြောဆိုထားသည်။
Comments :
0 comments

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာနိုင်ငံသားများအတွက် ဖွင့်လှစ်ပေးထားသော CI စာအုပ်ထုတ်ပေးရေးစင်တာများကို ထိုင်းအစိုးရကပိတ်မည်ဟုဆိုခြင်းအပေါ် မြန်မာလုပ်သားများ စောင့်ကြည့်နေ
RELATED POSTS
14 Jul 2025 | အထွေထွေ,နိုင်ငံတကာ
13 Jul 2025 | အထွေထွေ,နိုင်ငံတကာ