AA အနေဖြင့် ပလက်ဝရှိ ချင်းအမျိုးသမီးများကို ဖမ်းဆီးမုဒိမ်းကျင့်ကာ ကိုယ်ဝန်ဖြင့် ပြန်လွှတ်သည့်လုပ်ရပ်များအပါအဝင် ရာဇဝတ်မှုများစွာကိုကျူးလွန်နေဟု GKO ထုတ်ဖော်အသိပေး
Pearl (NSS) - ဇွန် ၁၁
AA အဖွဲ့အနေဖြင့် ပလက်ဝဒေသရှိ ချင်းအမျိုးသမီးများကို ဖမ်းဆီးမုဒိမ်းကျင့်ကာ ကိုယ်ဝန်ဖြင့်ပြန်လွှတ်သည့်လုပ်ရပ်များအပါအဝင် ရာဇဝတ်မှုများစွာကို ကျူးလွန်နေကြောင်း ကမ္ဘာလုံးဆိုင်ရာ ခူမီးအဖွဲ့အစည်း (Global Khumi Organization - GKO) က ထုတ်ဖော်အသိပေးထားသည်။
လက်ရှိတွင် ချင်းပြည်နယ် ပလက်ဝမြို့နယ်၌ AA ဖွဲ့က အုပ်ချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေလျက်ရှိပြီး ထို့သို့အုပ်ချုပ်ရေးလုပ်ငန်းများဖော်ဆောင်ရာတွင် ဒေသခံချင်းလူမျိုးများအပေါ်အကြမ်းဖက်မှုမျိုးစုံ၊ လူ့အခွင့်အရေးချိုးဖောက်မှုမျိုးစုံနှင့် ဒေသတွင်း တရားမဝင်မူးယစ်ဆေးဝါးရောင်းချဖြန့်ဖြူးခြင်းတို့ကိုကျယ်ပြန့်စွာ လုပ်ဆောင်လာကြောင်း GKO က ဆိုသည်။ ၂၀၁၅ ခုနှစ်မှစ၍ AA တပ်ဖွဲ့ဝင်များက အမျိုးသမီးများအပါအဝင် လွှတ် တော်ကိုယ်စားလှယ်၊ ကျေးရွာလူကြီးများ၊ လူငယ်ခေါင်းဆောင်တို့ကို အကြောင်းမဲ့ဖမ်းဆီးနှိပ်စက်သဖြင့် ကိုယ်အင်္ဂါပျက်စီးသွားသူများရှိသည့်အပြင် သေဆုံးသူများလည်းရှိကြောင်း GKO ၏ အချက်အလက်များအရ သိရသည်။ အလားတူ AA သည် ချင်းအမျိုးသမီးများကို လည်းအကြောင်းမဲ့ ဖမ်းဆီးချုပ်နှောင်ကာ မုဒိမ်းကျင့်၍ (၆)လကြာမှ ကိုယ်ဝန်နှင့်ပြန်လွှတ်မှုများ၊ အသက်မပြည့်သေးသည့် အလယ်တန်းကျောင်းသူပါမကျန် ထပ်ခါ တလဲလဲ မုဒိမ်းကျင့် စော်ကားမှု ဖြစ်စဉ်များကိုလည်း ကျူးလွန်ဖူးကြောင်း သိရသည်။
ထို့ပြင် AA တပ်ဖွဲ့သည် ပလက်ဝမြို့ နယ်သို့ စတင်ဝင်ရောင်လာသည့် ၂၀၁၅-ခုနှစ်မှစ၍ မူးယစ် ဆေးဝါးများ ရောင်းချ ဖြန့်ဖြူးနေပြီး ပလက်ဝ မြို့နယ်အတွင်းရှိလူငယ်များ မူးယစ်ဆေးဝါး ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲနေသည်ကို တွေ့ရသည်ဟု GKO က ဆိုသည်။ “နဂိုတည်းက ကျွန်တော်တို့ ချင်းလူမျိုးတွေ ဝိုင်းအော်နေတာပဲလေ။ ဆန္ဒတွေလည်း ပြကြသေးတာပဲ။ ပလက်ဝမှာရှိတဲ့ လူတော်တော်များများကတော့ AA ကို မုန်းတယ်။ သူတို့ရဲ့ ဒဏ် တော်တော်ကို ခံရတယ်။ သူတို့လုပ်ရပ်တွေကို ကျွန်တော် တစ်ယောက်တည်း မဟုတ်ဘူး။ ချင်း လူမျိုးအားလုံးက မကြိုက်တာ။ ၂၀၂၀ မတိုင်ခင်က ပလက်ဝမှာ တိုက်ပွဲတွေ ဖြစ်တယ်။ အဲဒီအချိန် တည်းက ပွင့်ပွင့်လင်းလင်းပြောရင် စစ်တပ်နဲ့ AA ဆိုရင် AA နှိပ်စက်တာကို ခံရတယ်။ ပလက်ဝမှာ ချင်းလူမျိုးကများပြီး ရခိုင် လူမျိုးက နည်းတယ်။ ဒါပေမဲ့ ပလက်ဝက ရခိုင်ပြည်နယ်ထဲ ပါတယ်ဆိုတဲ့ အတွေးဝင်ထားတယ်။ ဝင်ထားတော့ တစ်ခုခုဖြစ်ရင် သူတို့နေရာ ဆိုပြီး လွှမ်းခြုံတာပေါ့နော်။ ဥပမာ ဂိတ်တွေဆိုရင် AA ရှိရင် ချင်းလို မပြောရဘူး။ ရခိုင်လို ပြောရတယ်။ ရခိုင်လိုမပြောရင် ပါးရိုက်ခံရတဲ့ လူတွေလည်း ရှိတယ်ပေါ့နော်။ ဆိုင်တွေ အများစုကလည်း ရခိုင်တွေ။ ဈေးဝယ်တာကအစ ရခိုင်လို ပြောရတယ် ချင်းတွေက။ အဲဒီလိုလူမျိုးရေးတွေ ရှိခဲ့တယ်။ အခုနောက်ပိုင်းကျတော့ ပေါ်ပေါ်ထင်ထင်ဖြစ်လာတာပေါ့နော်။ တိုက်ခိုက်မှုတွေလည်း လုပ်လာတယ်။ အရင်ကဆိုရင် စစ်တပ်ရှိတယ်လေ။ အခုမရှိတော့ သူတို့ချည်းလွှမ်းမိုးထားတော့ ဂိတ်တွေဆိုရင်လည်း သူတို့ကို အခွန် ဆောင်ရတယ်။ သူတို့ဆီက ခွင့်ပြုချက်တွေ တောင်းရတယ်။ စစ်မှုထမ်းဖို့လည်း တစ်ရွာကို ၅ ယောက်စီ ပေးရ တယ်။အရင်တည်းက ချင်းလူမျိုးတွေကို ဖမ်းတာတွေလည်း ရှိတယ်။ လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်ကိုလည်း အကြာကြီးပဲ ဖမ်းထားတာ”ဟု ပလက်ဝဒေသခံတစ်ဦးက NSS ကို ပြောသည်။
AA လက်နက်ကိုင်အဖွဲ့အနေဖြင့် လက်နက် အားကိုးဖြင့် ဒေသခံ ချင်းလူမျိုးများအပေါ် ကျူးလွန်သည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို သည်းခံလာခဲ့သည်မှာ ဆယ်စုနှစ်တစ်ခုသို့ရောက်ရှိ တော့မည်ဖြစ်သည့် အပြင် လက်ရှိတွင် ပိုမိုဆိုးရွားလာနေကြောင်းလည်း GKO က ဆိုသည်။ ထို့ကြောင့် AA အနေဖြင့် ပလက်ဝမြို့ နယ်တွင်းရှိ ချင်း လူမျိုးများကိုမတရားဖမ်းဆီး၍ ညှင်းပန်း နှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်း၊ သက်ငယ် မုဒိမ်းမှုများ ကျူးလွန်ခြင်းအပြင် မူးယစ်ဆေးဝါး ရောင်းချဖြန့် ဖြူးခြင်း၊ တစ်ဖက်နိုင်ငံမှ ရခိုင်လူမျိုးများကို အလုံးအရင်းဖြင့် တရားမဝင် တင်သွင်း အခြေချနေထိုင်စေခြင်း၊ ဌာနေ တိုင်းရင်းသား ချင်းလူမျိုးများကို ဇာတိမြေပြင်ပေါ်မှ ပျောက်ကွယ် သွားစေရန် ရည်ရွယ်၍ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု (crime against humanity) နှင့် လူမျိုးတုံး သတ်ဖြတ်မှု (Genocide)ကျူးလွန်ခြင်း၊ ဒေသခံ တိုင်းရင်းသားများ၏ အိုးအိမ်များကို သိမ်းယူ ဖျက်ဆီးခြင်းနှင့် ချင်း လူမျိုးများ၏ စာပေဘာသာစကား၊ ယဉ်ကျေးမှုများ ပပျောက်၍ ဆက်လက်မရပ်တည်နိုင်ရန် နည်းလမ်းမျိုးစုံ အသုံးပြုလုပ်ဆောင်သည့် လုပ်ရပ်များကို ချက်ခြင်းရပ်တန့်ပေးရန် GKO က တောင်းဆိုထားသည်။
ထို့ပြင် ကမ္ဘာ့ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအစိုးရများနှင့် အခြားသောနိုင်ငံတကာ အဖွဲ့အစည်းများ အနေဖြင့် AA ၏ ချင်းလူမျိုးများအပေါ် ကျူးလွန်သည့် ပြစ်မှုများကို နိုင်ငံတကာ ဥပဒေ လုပ်ထုံးလုပ်နည်းနှင့် အညီ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်၍ အရေးယူဆောင်ရွက်ပေးရန်နှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ရပ်တန့်နိုင်ရေးအတွက် ဖိအားပေးဆောင်ရွက်ပေးရန်အတွက် လည်း တောင်းဆိုထားသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဧပြီလမှ စတင်၍လည်း ပလက်ဝမြို့နယ်တွင်းရှိ အသက် (၁၈)နှစ်မှ (၄၀)နှစ် အတွင်းရှိ ဒေသခံချင်းအမျိုးသားများကို စစ်မှုထမ်းရန် အတင်းအဓမ္မ စာရင်းကောက်ခဲ့ပြီး လက်ရှိတွင် ကျောင်းနေအရွယ် အသက်မပြည့်သေးသည့်(၁၅)နှစ်အောက်ကလေးများကိုလည်း စစ်မှုထမ်းရန်ဖိအားပေးနေသဖြင့် အိန္ဒိယနှင့်အခြား လွတ်မြောက်ရာသို့ ထွက်ပြေးတိမ်းရှောင် နေရကြောင်း သိရသည်။
AA လက်နက်ကိုင်အဖွဲ့သည် မူးယစ်ဆေးဝါးဖြင့် ရပ်တည်နေပြီး ၉ နှစ်အတွင်း ငွေကျပ် ၃၀ဝ ဘီလျံနီးပါး တန်ဖိုးရှိသော မူးယစ်ဆေးဝါးများကို ၎င်းတို့နှင့်ဆက်စပ်ကာ ဖမ်းဆီးရမိထားကြောင်းလည်း နစက၏ အချက်အလက်များအရ သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
VOA-RFA (၄၀) ကျော်နှင့် BBC (၂၄) သို့မဟုတ် ပဋိပက္ခအားပေးလှုံ့ဆော်မှု ရာခိုင်နှုန်းရှင်များ
RELATED POSTS
10 Sep 2024 | မှုခင်း,ပြည်တွင်း
10 Sep 2024 | မှုခင်း,ပြည်တွင်း
10 Sep 2024 | မှုခင်း,ပြည်တွင်း