ထောင်စုနှစ်ရည်မှန်းချက်များ (Goals to beyound 2000) (ဆောင်းပါး)
ဒေါက်တာ လွင်သန့် (NSS) - ဇွန် ၁၀
ကမ္ဘာ့ကုလသမဂ္ဂရဲ့ထောင်စုနှစ်ရည်မှန်းချက်(၈)ရပ်မှာ ‘‘(၁)အလွန်အမင်းဆင်းရဲမွဲတေမှုနှင့် ငတ်မွတ်ခေါင်းပါး မှု တိုက်ဖျက်ရေး၊ (၂) ကမ္ဘာတစ်ဝန်း မူလတန်းအရွယ်ကလေးငယ်တိုင်း ပညာသင်ကြား ခွင့်ရရေး၊ (၃) လိင်ခွဲခြား ဆက်ဆံမှုပပျောက်ရေးနှင့် အမျိုးသမီးဘဝမြှင့်တင်ပေးရေး၊ (၄)ကလေးငယ်များ သေဆုံးနှုန်းလျှော့ချရေး၊ (၅)မိခင်များ အတွက် ကျန်းမာရေးစောင့်ရှောက်မှုများ ပိုမိုပေးနိုင်ရေး၊ (၆) HIV, AIDS, တီဘီ၊ ငှက်ဖျားနှင့် အခြား အဓိကရောဂါဆိုး ကြီးများတိုက်ဖျက်ရေး၊ (၇)သဘာဝထက်မကျော်လွန် အောင်ထုတ်ယူသုံးစွဲရေးနှင့် ပြန်လည်ပြည့်ဖြိုးမြဲ သဘာဝ ပတ်ဝန်းကျင်ကောင်းထိန်းသိမ်းရေး၊ (၈)ဖွံ့ဖြိုးတိုးတက်မှုဖော်ဆောင်ရေးအတွက် ကမ္ဘာတစ်ဝန်း ပူးပေါင်းဆောင်ရွက်မှု ကောင်းများထူထောင်ရေး” ဆိုတဲ့ရည်မှန်းချက်တို့ဖြစ်ပြီး ၂၀၂၅ ခုနှစ်အထိ ဆက်လက်ဖော်ဆောင်နေဆဲဖြစ်တယ်။
ကမ္ဘာ့နိုင်ငံအသီးသီးမှ နှစ်စဉ် မိမိတို့လုပ် ငန်းများကိုပြန်လည်ဆန်းစစ်နေပြီး လိုအပ်သည်များ ထုတ်ဖော်ခဲ့ကြရာ တွေ့ရှိရတဲ့ ကျန်းမာရေးစိန်ခေါ်မှု တွေက (က) ဆင်းရဲခြင်း (ခ) ဆင်းရဲစွာနေထိုင်ရတဲ့ အခြေအနေ (ဂ) ပညာရေးချို့တဲ့မှု (ဃ) စာမတတ်ခြင်း (င) ကျန်းမာရေးဆိုင်ရာသတင်းအချက်အလက် မရရှိခြင်း (စ) ကျန်းမာရေးနဲ့ပတ်သက်ပြီးဆုံးဖြတ် ချက်မချနိုင်ခြင်းတို့ဖြစ်တယ်။ လူသားတို့ဘဝအဆင့် အတန်းမြင့်မားဖို့ ကျန်းမာရေးမြှင့်တင်ဖို့နဲ့ ကျန်းမာ ရေးစနစ်တွေ ခေတ်နဲ့အညီရှိဖို့ တူညီတဲ့ရည်မှန်းချက် ကဏ္ဍအသီးသီး တာဝန်ယူကာ အပြန်အလှန် နားလည်မှုသဘောထားရယူပြီး အစိုးရအဖွဲ့စည်းနဲ့ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းများ(အင်ဂျီအို)တို့ပူးပေါင်းဆောင်ရွက်ဖို့လိုအပ်လာပါတယ်။
ဖွံ့ဖြိုးမှုကိုတားဆီးတဲ့ နိုင်ငံရေးထောင် ချောက်(၄)မျိုးရှိတယ်လို့ အမေရိကန်ပြည်ထောင်စုမှ စီပွားရေးပညာရှင် ပေါကော်လီးယား (Paul Colliear) ကဆိုထားတယ်။ ပြည်တွင်းစစ်ထောင်ချောက်၊ နိုင်ငံတွင်း သယံဇာတထောင် ချောက်၊ ဆိုးရွားတဲ့အိမ်နီးချင်း နိုင်ငံကြားပိတ်မိနေတဲ့ထောင်ချောက်၊ စီမံခန့်ခွဲမှု ညံ့ဖျင်းတဲ့ထောင်ချောက် (၄) မျိုးထဲက မလွတ် ထွက်နိုင်ကြဘူးလို့ဆိုတယ်။
ပြည်တွင်းစစ်ထောင်ချောက်က နိုင်ငံများစွာရင်ဆိုင်ခဲ့ကြရတယ်။ တစ်ဖွဲ့နဲ့တစ်ဖွဲ့ရင်ဆိုင်ခဲ့ကြရာမှာ နှစ်ဖက် လူသေဆုံးမှု တစ်ထောင်ထက်ပိုရင် အဆိုပါသေဆုံးမှုတွေထဲက သူ့ဘက်ကိုယ့်ဘက်သေဆုံးမှု အနည်းဆုံး(၅)ရာခိုင်နှုန်း ပါဝင်နေရင် ပြည်တွင်းစစ်လို့ခေါ်တယ်။ ဘယ်အချက်တွေကပြည်တွင်း စစ်ဖြစ်ရသလဲဆိုရင် ဝင်ငွေနည်းပါးဆင်းရဲခြင်း၊ ဖွံ့ဖြိုး မှုမရှိခြင်း၊ စီးပွားရေးရပ်တန့်(သို့)ဆုတ်ယုတ်နေခြင်း၊ မျှော်လင့်ချက်ကင်းမဲ့ခြင်း၊ လူမျိုးရေးတင်းမာလာခြင်း တို့က ပြည်သူအချို့ သူပုန်ဘက်ပါအောင်ဆွဲဆောင်ဖို့ လွယ်ကူသွားတယ်ဆိုတယ်။
အာဖရိကတိုက်ရှိ ဇိုင်ယာနိုင်ငံမှ သူပုန်ခေါင်းဆောင်ကက်ဘီလာက အာဏာသိမ်းဖို့လိုအပ်တာ ဒေါ်လာ တစ်သောင်းနဲ့ လက်နက်ပဲလို့ဆိုတယ်။ လူတွေကဆင်းရဲတယ်။ လျှော့ဈေးနဲ့စစ်သားစုဆောင်း နိုင်တယ်။ ဂြိုဟ်တုဖုန်းက သယံဇာတထုတ်ယူမယ့် ကုမ္ပဏီနဲ့ဆက်သွယ်ပြီး ငွေကြေးသန်းငါးရာအပေး အယူတစ်ခု၊ လက်နက်ဝယ်မယ့် အရောင်း အဝယ်တစ် ခုလုပ်ကိုင်နိုင်မယ်။ အဲဒီငွေနဲ့ ခေါင်းဆောင်က အာဏာရလာတယ်။ အိုင်းရစ်တို့ မြောက်အိုင်ယာလန် လွတ်မြောက်ရေးအတွက် အမေရိကန်ရောက်အိုင်ယာ လန်တို့က ငွေကြေးထောက်ပံ့ပေးနေတယ်။ တမီးလ် ဘိုင်းဂါးကို၊ ကနေဒါရောက် တမီးလ်လူမျိုးတွေ ထောက်ပံ့ပေးနေတယ်။ အစ္စလာမ်ခွဲထွက်ရေးအဖွဲ့ (ISIS)ဟာ အီရတ်စစ်သည် ထောင်ပေါင်းများစွာပါ ဝင်နေပြီး၊ တာဂရစ်မြို့ကို ဝင်ရောက်သိမ်းပိုက်ကာ ဘဏ်မှရွှေတန်ချိန်ပေါင်းများစွာရယူကာ စစ်သည်များကို လစာပေး၊ အစာကျွေးနိုင်တယ်။ အမေရိကန်မှ မောင်းသူမဲ့လေယာဉ်နဲ့ စစ်ဆင်နေတဲ့တိုင်အောင် အဆိုပါဒေသမှလူတွေဟာ (ISIS) အဖွဲ့ဝင်တွေဖြစ် လာခဲ့တယ်။ ခေတ်သစ်ဆီးရီးယားမှာ ရှီယိုက်အစိုးရနဲ့ ဆွန်နီအတိုက် အခံတို့ ခြောက်နှစ်ကျော်တိုက်နေတယ်။
သယံဇာတနဲ့ဆိုင်တဲ့ပြည်တွင်းစစ်ကို အင်ဂိုလာနိုင်ငံမှာတွေ့ရတယ်။ အစိုးရက ရေနံပိုင်ပြီး၊ သူပုန်က စိန်ပိုင် တယ်။ ပြည်တွင်းစစ်အခြေအနေက စိန်ဈေးနဲ့ လိုက်နေတဲ့ ရေနံဈေးနှုန်းပေါ်မူတည်နေတယ်။
သယံဇာတကျိန်စာ(သို့)ဒတ်ချ်ရောဂါလို့ခေါ်ကြတယ်။ နယ်သာလန်မှာသဘာဝဓာတ်ငွေ့စတင်တွေ့ရှိပြီးနောက် တခြားစီးပွားရေးဆောင်ရွက်မှုထက် အကျိုးအမြတ်ပိုရတဲ့အခါ တခြားစီးပွားရေး နောက်ကျကျန်ရစ်ကာ အဆင့်နိမ့်စေခဲ့ တယ်။ နိုင်ဂျီးရီးယားမှာ ရေနံဝင်ငွေများလာတဲ့အခါ တခြားပြည်ပပို့ကုန်ဖြစ်တဲ့ မြေပဲနဲ့ကိုကိုး ထုတ်လုပ်မှုလျင်မြန်စွာ ပြိုကွဲသွားတယ်။ စိုက်ပျိုးရေးလုပ်ငန်းဆုံးရှုံးတော့ လယ်သမားတွေထိခိုက်နစ်နာရပါတယ်။ ရေနံကလွဲပြီးဖြစ် နိုင်ခြေရှိတဲ့ ထုတ်လုတ်မှုတွေရပ်သွားတော့ အလုပ်လက်မဲ့များတာတယ်၊ ဝင်ငွေနည်းလာတယ် အရင် ဈေးကွက်ပြန်ထိုးဖောက်ဖို့ ခက်လာတယ်။
အိမ်နီးချင်းနိုင်ငံကြားပိတ်မိတဲ့ ထောင်ချောက်ကတော့ ဥပမာ ဆွစ်ဇာလန်နိုင်ငံဟာ ဂျာမနီနဲ့အီတလီကြား ကုန်းတွင်းပိတ်နိုင်ငံဖြစ်ပေမယ့် အိမ်နီးချင်း ကောင်းတဲ့အတွက် သူရဲ့ပို့ကုန်ကိုအဆိုပါနိုင်ငံတွေက တစ်ဆင့်ပို့နိုင်တယ်။ ကြီးမားတဲ့ဈေးကွက်လည်းရတယ်။ ထိုင်းနိုင်ငံနယ်စပ်ရှိ ကမ္ဘောဒီးယားဘုရား ကျောင်းကိစ္စရပ်ကြောင့် ကမ္ဘောဒီးယား-ထိုင်းစစ်ပွဲဖြစ်ပြီး ကမ္ဘောဒီးယားပစ္စည်းတွေမတင်ပို့နိုင်၊ ဗီယက်နမ်ဘက်ကလည်း ပိုပေါ့အစိုးရတိုက်ထုတ်ပြီး ကိုလိုနီကျွန် ပြုခဲ့တဲ့အရှိန်နဲ့ ဆက်ဆံမှုမကောင်းမွန်တော့ ကမ္ဘောဒီးယားဈေးကွက်ပျက်ရတယ်။ နိုင်ငံသားတွေ တခြားနိုင်ငံတွေကို ရေကြည်ရာမြက်နုရာ လုပ်ကိုင်ဖို့စွန့်ခွာလာကြတယ်။
စီမံခန့်ခွဲမှုညံ့ဖျင်းတဲ့ အစိုးရထောင်ချောက်က နိုင်ငံကို ဆင်းရဲတွင်းခပ်နက်နက်ထိဆွဲခေါ်သွား တော့တယ်။ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအပေါ်အများဆုံး (၁၀) ရာခိုင်နှုန်းအထိသာ တိုးတက်အောင်ဆောင်ရွက် နိုင်ပေမယ့် စီးပွားရေး ကျဆင်းပြီဆိုရင် ချောက်ထဲကျ သွားတဲ့အထိကမ်းမမြင် လမ်းမမြင်နိုင်ဘူး။ အာဖရိက ချတ်ဒ်နိုင်ငံနဲ့ အာရှက ဘင်္ဂလား ဒေ့ရှ်နိုင်ငံ ယှဉ်ကြည့်ရင် စီမံကိန်းရှိတဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရက အနည်းငယ်သာပါတယ်။
မြန်မာနိုင်ငံမှာလည်း ဆိုးရွားခဲ့တဲ့ထောင်ချောက် (၄)ရပ်နဲ့ မကင်းခဲ့ပါဘူး။ မြန်မာနိုင်ငံမှာအဖြစ်များတဲ့ ငှက်ဖျား၊ တီဘီ၊ HIV စတဲ့ရောဂါဆိုးကြီး သိသာစွာ လျော့ပါးကျဆင်းသွားရေး၊ မကူးစက်နိုင်တဲ့ရောဂါ တွေထဲကမှ ခေါင်းထောင် လာတဲ့ကင်ဆာရောဂါ၊ နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါစတဲ့ အသက်အန္တ ရာယ်အများဆုံးပေးနိုင်တဲ့ရောဂါတွေ စောင့်ရှောက်ရေးမှာ ကျန်းမာရေးစောင့်ရှောက်မှုကိုကုသရုံတစ်ခုတည်းနဲ့မပြီးဘဲ ပညာပေးမှု ကြိုတင်ကာကွယ် ထိန်း ချုပ်မှုစတဲ့အပိုင်းတွေမှာ ဟန်ချက်ညီဆောင်ရွက်နိုင်မှ အဆင့်တန်းမြင့်မားလာဖို့ရှိတယ်။ (၂၀၂၀-၂၀၂၁) ကမ္ဘာ့ကို ဗစ်ကပ် ရောဂါကြောင့် ကူးစက်သေဆုံးမှုမှာ မြန်မာက အာဆီယံမှာ တတိယချိတ်ပါတယ်။ ကိုဗစ်ကြိုတင် ကာကွယ် ဆေး ထိုးနှံနေပြီဖြစ်တယ်။
ကျေးလက်နဲ့မြို့ပြ ကျန်းမာရေးအဆင်း အတန်းကွာဟမှု အနည်းဆုံးဖြစ်အောင် ကူညီပေးကြရမယ်။ ကျန်းမာရေးနဲ့ဆက်နွှယ်နေတဲ့ တစ်ကိုယ်ရေသန့်ရှင်းရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေး ကူညီပေးသင့်တယ်။ ကျန်းမာရေး အဆင့်အတန်းမြှင့်တင်ပေးပြီး စည်းမျဉ်းစည်းကမ်း လုပ်ထုံးလုပ်နည်း နည်းလမ်း တကျရှိဖို့လိုအပ်ပါတယ်။ ဆင်းရဲမွဲ တေမှုလျှော့ချနိုင်ရမယ်။ အသက်မွေးဝမ်းကျောင်းပညာတစ်ခုခုသင်ပေးပြီး လူတစ်ဦးချင်းဝင်ငွေတိုးတက်စေသင့်ပါ တယ်။
နိုင်ငံတစ်နိုင်ငံရဲ့ ဖွံ့ဖြိုးတဲ့သဘာဝပတ်ဝန်း ကျင်ဟာ ပြန်လည်မစိုက်ပျိုး၊ မထိန်းသိမ်းနိုင်ရင် နောက်မျိုး ဆက်တွေနဲ့ သဲကန္တာရသာကျန်ရစ်မှာ ဖြစ်တယ်။ သစ်တောပြုန်းတီးလို့ ရာသီဥတုပြောင်းလဲ လာမှုကိုကာကွယ်ဖို့ သစ်ပင်တွေအစားထိုးစိုက်ပျိုး သင့်တယ်။လူတစ်ဦးချင်းဝင်ငွေ နေ့စဉ်နှစ်ဒေါ်လာနဲ့အထက်ရှိသင့်တယ်။ မြန်မာနိုင်ငံမှာ (၂၀၁၂-၁၃)ခုနှစ်ကစပြီး ကျန်းမာရေးကဏ္ဍနဲ့ပတ်သက်လို့ အင်ဂျီအိုအဖွဲ့အသီးသီးတို့နဲ့ချိတ်ဆက်ပြီး နိုင်ငံသားတို့ရဲ့ ကျန်းမာရေး ပိုမိုတိုးမြှင့်လုပ်ဆောင်လာပြီပဲဖြစ်တယ်။
ပြည်သူ့ကျန်းမာရေး အဆင့်အတန်းမြင့်မားလာဖို့ ထောင်စုနှစ်ရည်မှန်းချက်တွေ အကောင်ထည်ဖော်နိုင်ဖို့၊ ကျန်းမာရေးဝန်ကြီးဌာနနဲ့အင်ဂျီအို၊ အစိုးရမဟုတ်တဲ့အဖွဲ့တို့အပြင် ဒေသအာဏာပိုင်တွေကလည်း ကူညီပေးဖို့ လိုအပ် လာပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နေတန်ရာဟုရဲ့စစ်ပွဲလိုလားတဲ့ဝန်ကြီးများအဖွဲ့ကနေ အစ္စရေးကာကွယ်ရေးဝန်ကြီးဟောင်းဘန်နီဂန့်ဇ်နှုတ်ထွက်
RELATED POSTS
08 Sep 2024 | ဆောင်းပါး,နိုင်ငံတကာ
07 Sep 2024 | ဆောင်းပါး,ပြည်တွင်း
04 Sep 2024 | ဆောင်းပါး,နိုင်ငံတကာ