၂ဝ၂၄ မြူးနစ်လုံခြုံရေးညီလာခံပြီးဆုံးသွားသော်လည်း ယူကရိန်းအတွက် ရေရာသည့် ဆုံးဖြတ်ချက်မရရှိခဲ့
ALynn (NSS) - ဖေဖော်ဝါရီ ၁၉
မြူးနစ်လုံခြုံရေးညီလာခံ၏ ပထမနေ့ (ဖေဖော်ဝါရီ ၁၆ ရက်) မွန်းလွဲပိုင်းလောက်တွင် ရုရှားအတိုက်အခံ ခေါင်းဆောင် သေဆုံးသွားကြောင်း သတင်းများထွက်ပေါ်လာခဲ့သည်။ ကမ္ဘာတစ်ဝန်းက ပဋိပက္ခများကို လွှမ်းခြုံ ဆွေးနွေးရန် ရည်ရွယ်ထားသော်လည်း ထိုသတင်းသည် အကြိမ် (၆၀) မြောက် မြူးနစ်လုံခြုံရေးညီလာခံ၏ ၃ ရက် တာ ဆွေးနွေးမှုများအပေါ် လွှမ်းမိုးသွားခဲ့သည်။
မကြာမီကာလအတွင်းကပင် ရုရှားတို့သည် ယူကရိန်းအရှေ့ပိုင်းရှိ Avdiivka မြို့ကို သိမ်းယူ အောင်ပွဲခံနိုင်ခဲ့သည်။ ထိုအချိန်တွင် ထရမ့်သည် ၎င်း၏ ထောက်ခံသူများမှတစ်ဆင့် ယူကရိန်းထံ အသုံးစရိတ် ၆၀ ဘီလျံ ပေးအပ်ရန် ဆောင်ရွက်နေမှုကို ပိတ်ဆို့ရန် ကြိုးပမ်းနေသည်။ ၎င်းအသုံးစရိတ်မူကြမ်းကို အထက်လွှတ်တော်က အတည်ပြုပြီး ဖြစ်သော်လည်း အောက်လွှတ်တော်၏ အတည်ပြုချက်ရယူရန် လိုအပ်နေသေးသည်။ မြူးနစ်လုံခြုံရေးညီလာခံ၌ အမေရိကန် ဒုသမ္မတ ကမ်မလာဟားရစ်က “သူမနှင့် သမ္မတဘိုင်ဒင်တို့သည် အောက်လွှတ်တော်၏ အတည်ပြု ချက်ရအောင် ကြိုးပမ်းလျက်ရှိနေပြီး ယူကရိန်းသည် ၎င်းတို့၏ မဟာဗျူဟာမြောက် အကျိုးစီးပွားတစ်ခုအဖြစ် ရှိနေဆဲဖြစ်၍ အထောက်အပံ့များ ပေးအပ်ရန် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း” ယူကရိန်းသမ္မတ ဇီလန်စကီးအား ပြောကြားခဲ့သည်။
ယူကရိန်းသမ္မတသည် အထက်လွှတ်တော်အမတ်များနှင့် ဆွေးနွေးရာတွင် ယူကရိန်းသည် အမေရိကန်၏ လက်နက်ခဲယမ်းသစ်များအပေါ် များစွာမှီခိုအားထားပြုနေရကြောင်း အလေးပေးပြောကြားခဲ့သည်။ Twitter တွင် လည်း ၎င်း၏စစ်တပ်သည် အမြောက်လက်နက်များ၊ ခဲယမ်းများ၊ တာဝေးပစ်ဒုံးလက်နက်များ၊ အီလက်ထရောနစ် စစ်ဆင်ရေးသုံးပစ္စည်းများ နှင့် လေကြောင်းကာကွယ်ရေးစနစ်များ လိုအပ်နေကြောင်း ပိုစ့်တင်ရေးသားခဲ့သည်။
ညီလာခံပြီးဆုံးသည့်တိုင်အောင် ယူကရိန်းအသုံးစရိတ်နှင့် ပတ်သက်၍ သမ္မတဘိုင်ဒင်၏ အောက်လွှတ်တော်မှ ထောက်ခံချက်အများစုရရှိရန် အာမခံချက်မှာ ရှင်းရှင်းလင်းလင်း မဖြစ်ခဲ့ပါ။ ထို့ပြင် အထက်လွှတ်တော်အမတ် J.D. Vance က “ယူကရိန်း၏ အဓိကပြဿနာသည် ၎င်း၏အဆုံးသတ် ရေရေရာရာမရှိသော စစ်ပွဲဖြစ်ပြီး အမေရိကန် အနေဖြင့် အရှေ့ဥရောပ၊ အရှေ့အလယ်ပိုင်းနှင့် အရှေ့အာရှရှိ ပဋိပက္ခများစွာတို့အတွက် လက်နက်များ ထုတ်လုပ် ပေးရန် မတတ်စွမ်းနိုင်ကြောင်း” ညီလာခံ၌ ၎င်း၏ ထင်မြင်ချက်ကို ဖော်ပြခဲ့သည်။
မြူးနစ်ညီလာခံ အဆုံးသတ်၌ ယူကရိန်းအား လက်နက်များထောက်ပံ့ရန် ရေရာသည့်အဆုံးအဖြတ်ကို မချမှတ်နိုင် ခဲ့သော်လည်း ရုရှားအတိုက်အခံခေါင်းဆောင်သေဆုံးသည့်သတင်းက ယူကရိန်းအား အကူအညီများ ဆက်လက် ပေးသွားရန် တွန်းအားဖြစ်စေခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဂါဇာစစ်ပွဲပြီးဆုံးချိန်မှာ အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟု ဝန်ကြီးချုပ်ရာထူး စွန့်လွှတ်ဆုံးရှုံးရဖွယ်ရှိနေ
RELATED POSTS
26 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ