မြန်မာ့နိုင်ငံရေးအခက်အခဲများကိုဖြေရှင်းနိုင်ရန် အာဆီယံသဘောတူညီချက်ငါးချက်ကို ဆက်လက် ကိုင်ဆွဲသွားမည်ဖြစ်ကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများပြော
ဂျန်ဇက် (NSS) - ဖေဖော်ဝါရီ ၃
မြန်မာ့နိုင်ငံရေးအခက်အခဲများကို ဖြေရှင်းနိုင်ရန်အတွက် အာဆီယံသဘောတူညီချက်ငါးချက်က အဓိက ရည်ညွှန်းစရာအဖြစ် ဆက်လက်ရှိနေမည်ဖြစ်ကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ ပူးတွဲ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို ဇန်နဝါရီလ ၂၈ ရက်နှင့် ၂၉ တို့တွင် လာအိုနိုင်ငံ Luang Prabang မြို့၌ နှစ်ရက်ကြာကျင်းပခဲ့ပြီးနောက် ပူးတွဲသတင်းထုတ်ပြန်ချက်ထုတ်ပြန်ခဲ့ရာ မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး အပိုဒ် ၂၂၊ ၂၃၊ ၂၄ နှင့် ၂၅ တို့တွင် အထက်ပါကဲ့သို့ ဖော်ပြထားကြောင်း သိရသည်။ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ ထုတ်ပြန်ချက်ထဲတွင် မြန်မာနိုင်ငံတွင် ဖြစ်ပွားလျက် ရှိနေသည့် ပဋိပက္ခများကို ဖြေရှင်းနိုင်ရန်၊ ငြိမ်းချမ်းစွာတွေ့ဆုံဆွေးနွေးအဖြေရှာနိုင်ရန် ကူညီထောက်ပံ့ ပေးမှုများ ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံရေးအခက်ခဲများကိုဖြေရှင်းရာတွင် အာဆီယံ ဥက္ကဋ္ဌက ပူးပေါင်းဆောင်ရွက်မည်ဖြစ်သလို အာဆီယံသဘောတူညီချက်ငါးချက်နှင့် ကူညီ ထောက်ပံ့ပေးမှုများ ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ဒေသအတွင်းငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးတို့ ရရှိစေရန်အတွက် အခက်အခဲပြဿနာများကို မြန်မာနိုင်ငံကိုယ်တိုင် ဦးဆောင်အဖြေ ရှာရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံရေးအခက်အခဲများကို ဖြေရှင်းနိုင်ရန်အတွက် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်ကို ကူညီထောက်ပံ့ပေးမှုများ ဆက်လက်လုပ်ဆောင်မည် ဖြစ်ကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ ပူးတွဲထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ထို့ပြင် အာဆီယံ လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးရေးအဖွဲ့ (AHA Centre)၏ မြန်မာနိုင်ငံ အတွက် အာဆီယံ၏လူသားချင်းဆိုင်ရာစာနာမှုအကူအညီများလွှဲပြောင်းပေးမှု တိုးတက်ခြင်းအပေါ် ကြိုဆို ကြောင်း၊ မြန်မာနိုင်ငံရှိ လက်နက်ကိုင်အဖွဲ့အစည်းများ အားလုံးအနေဖြင့် တိုက်ခိုက်မှုများကို ချက်ချင်းရပ်တန့်ပြီး လူသားချင်းဆိုင်ရာစာနာမှုအကူအညီလိုအပ်နေသူအားလုံးကို လူသားချင်းဆိုင်ရာ စာနာမှုအကူအညီများပေးရာတွင် ဟန့်တားနှောက်ယှက်မှုမရှိဘဲခွင့်ပြုပေးစေလိုကြောင်း၊ အာဆီယံ နိုင်ငံ ခြားရေးဝန်ကြီးများ၏ပူးတွဲထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ မြန်မာနိုင်ငံရှိ လက်နက်ကိုင် အဖွဲ့အစည်းအားလုံးအနေဖြင့် လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးမှု ဥပဒေများကို လိုက်နာ ဆောင်ရွက်ပြီး သည်းခံချုပ်တည်းမှုများကို အမြင့်ဆုံးလုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ အရပ်သားအားလုံး ဘေးကင်းရေးနှင့် အရပ်သားများကာကွယ်ပေးရေးများအတွက် လိုအပ်သော အစီအမံများ လုပ်ဆောင် ပေးစေလိုကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက ပြောသည်။
နေရပ်စွန့်ခွာနေထိုင်ရသူများအတွက် ထိုင်းနှင့်မြန်မာနယ်စပ်ဒေသတစ်လျှောက်တွင် လူသားချင်းဆိုင်ရာ စာနာမှုအကူအညီပေးမည့်စင်တာတည်ဆောက်ရန် ထိုင်းနှင့်မြန်မာနိုင်ငံကြား ပူးပေါင်းဆောင်ရွက် မှုများကို ကြိုဆိုလက်ခံကြောင်း၊ လူသားချင်းဆိုင်ရာစာနာမှုအကူအညီများပေးရာတွင် ခွဲခြားမှုမရှိဘဲ အကူညီလိုအပ်သူများအတွက် အခြေခံလိုအပ်ချက်ပစ္စည်းများကို ပွင့်လင်းမြင်သာစွာ လွှဲပြောင်းပေး ရန်နှင့် ထိရောက်စွာကူညီထောက်ပံ့ပေးရန် မြန်မာနှင့် ထိုင်းနိုင်ငံတို့ရှိ ကြက်ခြေနီများ ပူးပေါင်း ဆာင်ရွက်မည်ဖြစ်သလို AHA Centre ကလည်း ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး အပြီးထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယခုဘဏ္ဍာနှစ်တွင် ပြည်ပသို့ဆန်တင်ပို့မှု တန်ချိန်(၆)သိန်းခန့် လျော့နည်းနိုင်သော်လည်း ပို့ကုန်ရငွေ လျော့နည်းမှုမရှိနိုင်ဟုဆို
RELATED POSTS
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ