မဟာဗျူဟာမြောက် ခရုဇ်ဒုံးကျည်ကို အောင်မြင်စွာစမ်းသပ်ပစ်လွှတ်နိုင်ခဲ့ကြောင်း မြောက်ကိုရီးယားအစိုးရ ထုတ်ဖော်ပြောဆို
ဂျန်ဇက် (NSS) - ဇန်နဝါရီ ၃၁
ကိုရီးယားကျွန်းဆွယ်၌ တင်းမာမှုများအရှိန်မြင့်တက်နေချိန်တွင် မြောက်ကိုရီးယားနိုင်ငံသည် ဇန်နဝါရီ ၃၀ ရက်က မဟာဗျူဟာမြောက် ခရုဇ်ဒုံးကျည်တစ်စင်းကို အောင်မြင်စွာစမ်းသပ်ပစ်လွှတ်နိုင်ခဲ့ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင်မီဒီယာတစ်ခုဖြစ်သော KCNA သတင်းဌာနကဖော်ပြထားသည်။
မြောက်ကိုရီးယားစစ်တပ်သည် “Hwasal-2” အမည်ရှိ ဒုံးကျည်ကိုနိုင်ငံအနောက်ဘက် ပင်လယ်ထဲသို့ စမ်းသပ်ပစ်လွှတ်ခဲ့ခြင်းဖြစ်ကြောင်းဖော်ပြထားသည်။ မြောက်ကိုရီးယားစစ်တပ်က ခရုဇ်ဒုံးကျည်အများအပြားကို စမ်းသပ်ပစ်လွှတ်ခဲ့ခြင်းကိုတွေ့မြင်ရကြောင်း တောင်ကိုရီးယားစစ်တပ်က အတည်ပြုထားသည်။ မြောက်ကိုရီးယားအစိုးရက ခရုဇ်ဒုံးကျည်များစမ်းသပ်ပစ်လွှတ်ခြင်းသည် နိုင်ငံ၏ မဟာဗျူဟာမြောက်တိုက်ခိုက်ရေးစွမ်းရည်နှင့် ရန်သူ၏လျင်မြန်သောတုံ့ပြန်မှုများကိုရင်ဆိုင်တုံ့ပြန်ရန်အတွက်ဖြစ်ကြောင်း၊ ဒုံးကျည်စမ်းသပ်ခြင်းများက အိမ်နီးချင်းနိုင်ငံများ၏ လုံခြုံရေးကို ခြိမ်းခြောက်ခြင်းများမဖြစ်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။
မြောက်ကိုရီးယားသည် ဇန်နဝါရီလအတွင်းတွင် ရေအောက်သုံးနျူကလီးယားလက်နက်အပြင် အသံထက်မြန်သော ပဲ့ထိန်းဒုံးကျည်နှင့် မဟာဗျူဟာမြောက် ခရုဇ်ဒုံးကျည်များကို စမ်းသပ်ခဲ့ကြောင်းသိရသည်။ တောင်ကိုရီးယား၊ အမေရိကန်နှင့်ဂျပန်နိုင်ငံတို့ သုံးနိုင်ငံပူးပေါင်းပြီး စစ်ရေးလေ့ကျင့်ခန်းများပြုလုပ်ခြင်းကိုလက်တုံ့ပြန်မှုအဖြစ် မြောက်ကိုရီးယားနိုင်ငံက ဒုံးကျည်များမကြာခဏစမ်းသပ်ခဲ့ကြောင်းသိရသည်။ ကုလသမဂ္ဂအဖွဲ့သည် မြောက်ကိုရီးယားနိုင်ငံကို ခရုဇ်ဒုံးကျည်စမ်းသပ်ခြင်းများမလုပ်ဆောင်ရန် ပိတ်ပင်ထားကြောင်းသိရသည်။ မြောက်ကိုရီးယားသည် ဇန်နဝါရီလအတွင်းတွင် ရေငုပ်သင်္ဘောပေါ်မှ Pulhwasal-3-31s အမည်ရှိ ခရုဇ်ဒုံးကျည်နှစ်စင်းကို စမ်းသပ်ပစ်လွှတ်ခဲ့ပြီး မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအမ်ကိုယ်တိုင်ကြီးကြပ်ခဲ့ကြောင်းနိုင်ငံတကာသတင်းများတွင်ဖော်ပြထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အရန်ဆန်လုံလောက်စွာရှိသော်လည်း ကျယ်ပြန့်စွာလိုအပ်လာပါက ဆန်ရရှိရေးအတွက် တပ်မတော်ရိက္ခာအစီအစဥ်ဖြင့်ပါ ပေါင်းစပ်ရန်ပြင်ဆင်ထား
RELATED POSTS
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ