ကျူးဘားနိုင်ငံတွင် ရုရှား၏ ကိုယ်ပိုင်နျူကလီးယားလက်နက်များ ထားရှိသင့်ကြောင်း ရုရှားလွှတ်တော်အမတ်တစ်ဦး အကြံပြု
Pika (NSS) - ဇန်နဝါရီ ၃ဝ
အမေရိကန်သည် ၎င်း၏ ကိုယ်ပိုင်မဟာဗျူဟာမြောက် နျူကလီးယားလက်နက်များကို ဥရောပသို့ပြောင်းရွှေ့ရန် စီစဉ်နေသည်ဆိုသည့် စွပ်စွဲပြောဆိုချက်များရှိနေခြင်းကို လက်တုံ့ပြန်ရန် ရုရှားအစိုးရသည် ၎င်း၏ နျူကလီးယား လက်နက်များကို ကျူးဘားနိုင်ငံတွင် ထားရှိသင့်ကြောင်း ရုရှားလွှတ်တော်အမတ် Aleksey Zhuravlev က အကြုံပြုခဲ့သည်။
ရုရှား၏ ခြိမ်းခြောက်မှုများကို လက်တုံ့ပြန်ရန်အတွက် အမေရိကန်နိုင်ငံသည် ဗြိတိန်နိုင်ငံတွင် (၁၅)နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ၎င်း၏ နျူကလီးယားလက်နက်များ ဖြန့်ကျက်ချထားရန် ကြိုးပမ်းနေကြောင်း The Telegraph သတင်းစာကဖော်ပြခဲ့ပြီးနောက် Aleksey Zhuravlev က ယခုကဲ့သို့ မှတ်ချက်ပြုခဲ့ခြင်းဖြစ်သည်။
ထို့အပြင် ဗြိတိန်နိုင်ငံတွင် ကိုယ်ပိုင်နျူကလီးယားလက်နက်များရှိကြောင်း နှင့် အမေရိကန်သည် ၎င်း၏ နျူကလီးယားလက်နက်များကို ရုရှားနှင့်နီးကပ်သော ဥရောပနိုင်ငံအတော်များများတွင် ဖြန့်ကျက်ချထားပြီးပြီဖြစ်ကြောင်း Aleksey Zhuravlev က ထောက်ပြပြောဆိုခဲ့သည်။
ထို့ကြောင့် ရုရှားနိုင်ငံသည် ၎င်း၏ ကိုယ်ပိုင်နျူကလီးယားလက်နက်များကို အမေရိကန်နှင့်နီးကပ်သော နေရာများ တွင် ဖြန့်ကျက်ချထားရန် စဉ်းစားသင့်ကြောင်းနှင့် ကျူးဘား၊ ဗင်နီဇွဲလား နှင့် နီကာရာဂွါတို့ကဲ့သို့သော ရင်းနှီးသည့် နိုင်ငံများထံသို့ နျူကလီးယားလက်နက်များ ပေးပို့သင့်ကြောင်း Aleksey Zhuravlev က အကြံပြုပြောခဲ့သည်။
ထို့အပြင် ရုရှားတွင် မဟာဗျူဟာမြောက် လေကြောင်းပျံသန်းမှုများအပြင် ကမ္ဘာ့သမုဒ္ဒရာတစ်ဝှမ်းရှိ အမည်မသိ သောနေရာများတွင် တပ်စွဲထားသည့် ရေငုပ်သင်္ဘောများ၏ လက်နက်တိုက်များလည်းရှိကြောင်း Aleksey Zhuravlev က ပြောခဲ့သည်။
"အမေရိကန်နဲ့နေတိုးအဖွဲ့တို့က ထိန်းချုပ်ထားတဲ့ ကျူးကျော်တိုက်ခိုက်မှုမှန်သမျှကို လက်တုံ့ပြန်ဖို့အတွက် ကျွန်တော်တို့မှာ နည်းလမ်းတွေရှိပါတယ်" ဟု ၎င်းက ပြောခဲ့သည်။
ထို့အပြင် အမေရိကန်အစိုးရသည် ၎င်း၏ နျူကလီးယားထိပ်ဖူးများကို ဗြိတိန်တွင် ပြန်လည်ဖြန့်ကျက်ချထားမည်ဆိုပါက ရုရှားအစိုးရက လက်တုံ့ပြန်တိုက်ခိုက်ရေးအစီအစဉ်များကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ယခင်က သတိပေးပြောဆိုခဲ့ဖူးသည်။
အနောက်အုပ်စုနိုင်ငံများ၏ လုပ်ရပ်များသည် ဥရောပတွင်တင်းမာမှုများကိုဖြစ်ပေါ်စေပြီး နေတိုးအဖွဲ့၏ အရှေ့ဘက်သို့ နယ်မြေချဲ့ထွင်မှုများသည် ယူကရိန်းပဋိပက္ခဖြစ်ပွားစေသည့် အဓိကအကြောင်းအရင်းများထဲမှ တစ်ခုဖြစ်ကြောင်း ရုရှားအစိုးရက စွပ်စွဲခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စီရော်နယ်ဒိုနှင့် အယ်လ်နာဆာအသင်းတွင် ပြန်လည်ပေါင်းစည်းနိုင်ဖွယ်ရှိနေတဲ့ ရီးရဲလ်မက်ဒရစ်အသင်းကစားဖော်ဟောင်း ဘန်ဇီမာ
RELATED POSTS
29 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
29 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
29 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ