ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့၌ နှစ်ဖက်တိုက်ပွဲပြင်းထန်နေဆဲသာဖြစ်ကြောင်း PNO ပြော
မြူနစ် (NSS) - ဇန်နဝါရီ ၂၆
ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့တွင် နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေဆဲသာဖြစ်ကြောင်း ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) မှ ဒုဗိုလ်မှူးကြီးခွန်ထွန်းရွှေက NSS ကို ပြောသည်။
ဆီဆိုင်မြို့ရှိ PNO/PNA ၏ လုံခြုံရေးစခန်းများကို ဇန်နဝါရီလ ၂၄ ရက်တွင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO/PNLA)အဖွဲ့ဝင်များ နှင့် KNDF၊ PDF အဖွဲ့ဝင်များက စတင်ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
PNO ၏ ထိန်းချုပ်မှုအောက်တွင်ရှိခဲ့သော ဆီဆိုင်မြို့ကို PNLA ပူးပေါင်းအဖွဲ့များက ဝင်ရောက်တိုက်ခိုက်ပြီးနောက် ဌာန ဆိုင်ရာရုံးများတွင် PNLA ၏ အလံများ လွှင့်ထူထားသည်ဟုဆိုသော သတင်းများမှာလည်း ပျံ့နှံ့နေလျက်ရှိသည်။
“ဆီဆိုင်မြို့မှာတော့ ခန့်မှန်းခြေ လူဦးရေက ကုန်သလောက်ရှိနေပြီ။ နည်းနည်းလောက်ပဲ ကျန်တော့မှာပေါ့။ စစ်ပွဲဖြစ်ပြီဆို ရင်တော့ လူထုက ပြေးရတော့မှာပေါ့။ လောလောဆယ်တော့ ထိန်းချုပ်လို့ရတယ်လို့ ပြောလို့မရဘူး။ အခုဟာက တိုက်ပွဲတွေက နှစ်ဖက်ပြင်းထန်နေသေးတယ်”ဟု ဒုဗိုလ်မှူးကြီးခွန်ထွန်းရွှေက ပြောသည်။
PNO အနေဖြင့် မည်သည့်ဒေသ၊ မည်သည့်လူမျိုးစုအပေါ်ကိုမျှ ကျူးကျော်အနိုင်ကျင့်ခြင်းမျိုးမရှိကြောင်းလည်း ၎င်းက ဆက်လက်ပြောသည်။
“ကျွန်တော်တို့ကတော့ ငြိမ်းချမ်းရေးအရ ကိုယ့်နယ်ကို တာဝန်ယူတယ်ပေါ့ ဒါတစ်ချက်ပေါ့။ နောက်တစ်ချက်က သူများကို ဦးစွာရန်စတာတို့၊ ကျူးကျော်တာတို့ မရှိဘူးလေ။ အခုက PNLA က တစ်ဖက်အဖွဲ့အစည်းတွေနဲ့ လာပြီးတော့မှ ကျူးကျော်တာပေါ့။ ထိတွေ့မှုကတော့ အနည်းအများတော့ ရှိတာပေါ့။ ကျွန် တော်တို့ကတော့ သူများနယ်ပယ်၊ သူများဒေသ၊ သူများ လူမျိုးစုအပေါ်မှာအနိုင်ကျင့်ပြီး ပိုင်နက်ကျူးကျော်တာ တစ်ခါမှမရှိပါဘူး”ဟု ဒုဗိုလ်မှူးကြီးခွန်ထွန်းရွှေက ပြောသည်။
ထို့ကြောင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO/PNA)အနေဖြင့် ဒေသခံပြည်သူလူထု၏ဘဝများကို ထောက်ထားကာ ၎င်းတို့ မနစ်နာစေရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ပြောသည်။
လက်ရှိတွင် ဆီဆိုင်မြို့၌ တပ်မတော်၊ PNO/PNA အဖွဲ့နှင့် PNLO/PNLA၊ KNDF၊ PDF ပူးပေါင်းအဖွဲ့များအကြား တိုက်ပွဲ ပြင်းထန်နေလျက်ရှိကြောင်း သိရသည်။
အဆိုပါတိုက်ပွဲအခြေအနေများနှင့်ပတ်သက်၍ NSS အနေဖြင့် PNLO/PNLA အဖွဲ့ထံ ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မှုမရရှိသေးပေ။
ရှမ်းပြည်နယ်တောင်ပိုင်းရှိ ဆီဆိုင်၊ ဟိုပုံး၊ ပင်လောင်း၊ နောင်တရားနှင့် ပေါင်းလောင်းမြို့တို့ကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံအရ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် သတ်မှတ်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဆီးရီးယားနိုင်ငံအတွင်းရှိ တပ်ဖွဲ့ဝင်တွေကို ပြန်ရုတ်သိမ်းမှာမဟုတ်ကြောင်း အမေရိကန်စစ်ဘက်ပြော
RELATED POSTS
26 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ